ကဝမြို့နယ်တွင် Outdoor Fitness အားကစားကွင်းဖွင့်ပွဲ ကျင်းပ

ကဝ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ Outdoor Fitness အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်၊ အ.ထ.က(ကဝ) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးသီနှင့် မြို့နယ်အားကစားမှူးဦးစစ်နိုင်ဦးတို့က အားကစားကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်က လူတိုင်းအတွက် ကျန်းမာရေးသည်အဓိကဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန် လိုအပ်ကြောင်း၊ လူငယ်မောင်ငယ်များအနေဖြင့် ဆေးလိပ်၊ အရက်ကဲ့သို့သော မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းမပြုရန် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ကြရန်၊ ကိုယ်လက်လှုပ်ရှားအားကစားတွင် လူငယ်လူရွယ်ထုတစ်ရပ်လုံးပါဝင်ပြီး အားကစားကဏ္ဍတွင် ထူးချွန်ထက်မြတ်သော လူငယ်များပေါ်ပေါက်လာရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(ကဝ)မှ ကျောင်းသူလေးတစ်ဦးက အေရိုးဗစ်အကဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်းအတွက် အသုံးပြုရန် ပိုက်(၅)ခု၊ ဘောလုံး(၄)လုံး၊ ခြင်းလုံး(၁)လုံးနှင့် ငွေကျပ်(၈)သိန်း တန်ဖိုးရှိသော အားကစားအသုံးအဆောင်ပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီထံသို့ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)