မြိတ် အောက်တိုဘာ ၂၇
နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေး Talk Show ကို မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့က ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးအစီအစဉ်ကို ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရန် အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ သွားရောက်ဆက်သွယ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် လဝကမှူးဒေါ်ခင်လင်းဝေတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် အသိပေးထုတ်ပြန်ချက် အချက် (၇) ချက်ပါ အချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေစာရင်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေး ထုတ်ပြန်ချက် အချက် (၆) ချက်ပါ အချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
“နိုင်ငံသားစိစစ်ရေးကတ် နိုင်(၄)မှတ်တမ်းများအား ဆော့ဝဲလ်ရေးသွင်းရာမှာ မြိတ်မြို့နယ်အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား နှစ်ကတ်ထက်ကိုင်ဆောင်သူ (၇၇၁) ဦးရှိပြီး (၁၅၄၂) ကတ်ရှိပါတယ်။ ယခုကာလအတွင်းမှာ မြို့နယ်ရုံးမှာ လာရောက်ဖြေရှင်းဆောင်ရွက်သူ (၁၁) ဦး ရှိပြီး ကတ် (၂၂) ကတ်ရှိပါတယ်။ နိုဝင်ဘာ(၁၅)ရက်နေ့အထိ ဝန်ကြီးဌာမှ တိုးမြှင့်ဖြေရှင်း ဆောင်ရွက်ဖို့ ရက်တိုးပေးထားပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ၏ ဆွေးနွေးပြောကြားချက်အရ သိရသည်။
နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်ထက်ကိုင်ဆောင်ထားရှိသူများ သတ်မှတ်ကာလအတွင်း၌ လာရောက်ဖြေရှင်းဆောင်ရွက်ပါက ရွေးချယ်လိုသည့်ကတ်ကို ကာယကံရှင်မှ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက ညွှန်ကြားချက်အတိုင်း ဒုတိယကတ်ကို အတည်ပြုပြီး ယခင်ကိုင်ဆောင်သည့်ကတ်ကို ပယ်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)