ဒေးဒရဲမြို့နယ်တွင် ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးနည်းစနစ်များ နည်းပညာပေး​ ဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၁) နာရီက တော်ကမယ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက နေကြာမျိုးကောင်းမျိုးသန့် သုံးစွဲရန်၊ စိုက်ပျိုးနည်းစနစ်နှင့် မြေနေရာရွေးချယ်ခြင်း၊ ပိုးမွှား ကာကွယ်ရေး နည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု(၈)စုက စိုက်ပျိုးဧက(၂၂၈) ဧကတွင် နိုဝင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ဒီဇင်ဘာလဝက်အတွင်းအပြီး စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်(၉)ဦးက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နေကြာမျိုးစေ့နှင့် စက်ကရိယာများ လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ထားရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း