ပြည် အောက်တိုဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်တက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ သင်တန်းရေးရာဌာနမှူး၊ စီမံ/ဘဏ္ဍာဌာနခွဲမှူးများ၊ မော်ကွန်းထိန်းနှင့် သင်တန်းသား/သင်တန်းသူဆရာ၊ဆရာမများ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတိုးလှိုင်က သင်တန်းသား/သင်တန်းသူများအား ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်တက္ကသိုလ်၌ အသစ်ခန့်ထားသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ဥပဒေပညာနှင့် စီးပွားရေးပညာအစရှိသော ဘာသာရပ်အလိုက် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၅၂)ဦးတက်ရောက်ပြီး ယင်းသင်တန်းသား/သင်တန်းသူများကို ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်အပါအဝင် စီမံ/ဘဏ္ဍာဌာနမှူး၊ သင်တန်းရေးရာဌာနမှူးနှင့် ဘာသာရပ်အလိုက်ပါမောက္ခဌာနမှူးများက ယခုအောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ သင်တန်းကာလအတွင်း "ဝန်ထမ်းကျင့်ဝတ်၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ရုံးစာရေးသားနည်း၊ ခေါင်းဆောင်မှုအတတ်ပညာ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေများအကြောင်းနှင့် သင်တန်းရေးရာနှင့်ပတ်သက်သောသိကောင်းစရာများ" အစရှိသည်တို့ကို မွမ်းမံသင်ကြားပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)