အထက်မင်းလှ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ကျေးရွာ(၇)ရွာမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၂၅စုအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ် ၁ နာရီက ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ယခုလက်ရှိကာလတွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စုမှ ကတ၊ ညောင်ပင်ကျင်း၊ သက္ကယ်ကျင်း၊ လဲပင်ကျင်း၊ ရွာသစ်၊ တောင်ဦးနှင့် စစ္စနို့ကျေးရွာများမှ အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ကဦးဆောင်ပြီး မင်းလှမြို့ရှိ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အခြေခံ လူတန်းစားအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးကို စုပေါင်းလှူဒါန်းပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆိုပါစားသောက်ကုန်များထောက်ပံ့ပေးရာတွင် ကျေးရွာအုပ်စု(၄)အုပ်စုရှိ ကျေးရွာ(၇) ရွာမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၂၅ စုအတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများသို့သွားရောက်၍ အိမ်ထောင်စုအလိုက် လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)