ဓနုဖြူ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့၊ ညနေပိုင်းက ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဓနုဖြူမြို့မဈေးကြီး မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးကြပြီး၊ ဈေးရုံအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုကာ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးနောင်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူတို့မှ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)