အုတ်တွင်း အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ရမ်ပူကျေးရွာတွင် ကျေးလက်မီးလင်းရေး 11KV ဓာတ်အားလိုင်း တစ်မိုင်နှင့် 11/4KV(200)KVA ထရန်စဖော်မာဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေး ပညာပေး ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်မီးလင်းရေး 11KVဓာတ်အားလိုင်းတစ်မိုင်နှင့် 11/4KV(200)KVA ထရန်စဖော်မာဖွင့်လှစ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့လျှပ်စစ်အင်ဂျင်နီယာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျွဲပွဲမြို့၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ရမ်ပူကျေးရွာ၌ ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် 11 KV ဓာတ်အားလိုင်းတစ်မိုင်နှင့် 11/4KV(200) KVA ထရန်စဖော်မာတစ်လုံး ခွင့်ပြုပေးပြီးကျေးရွာမှ ပြည်သူထည့်ဝင်ငွေဖြင့် ဗို့အား ၄၀၀ ဗို့တစ်မိုင်၊ ငွေကျပ်သိန်း(၄၈၀)ဖြင့် ကျေးလက်မီးလင်းရေးကော်မတီမှ ဦးဆောင်၍ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ပြီး ယခုအခါကျေးရွာရှိ အိမ်ခြေ(၁၅၂)အိမ်၊ လူဦးရေ(၈၆၈)ဦးရှိပြီး ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ လျှစ်စစ်မီးများ အဆင်ပြေချောမွေ့စွာ သုံးစွဲလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးကို ပြည်သူများအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့လျှပ်စစ်မှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)