(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် ထူးချွန်ဂုဏ်ပြုဆုပေါင်း ၁၈၃ ဆု ချီးမြှင့်မည်

ဘားအံ အောက်တိုဘာ ၂၆

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် ပြည်နယ်အတွင်း ကဏ္ဍအသီးသီး၌ ထူးချွန်ထက်မြတ်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထူးချွန်ဂုဏ်ပြုဆုပေါင်း ၁၈၃ ဆုကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအလိုက် ပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ပြည့်စုံကျေပွန် အောင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အကြုံချက်များ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများက (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းတာဝန်များအလိုက် ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနားတွင် ငြိမ်းချမ်းရေးဂျိုးငှက်များလွှတ်၍ ပြည်နယ်အတွင်းမှ ပညာရေးထူးချွန်သူများ၊ စိုက်ပျိုးမွေးမြူရေးထူးချွန်သူများ၊ အားကစားထူးချွန်သူများ၊ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် နယ်ပယ်အသီးသီးတွင် ထူးချွန်သူများအား ဂုဏ်ပြုဆုပေါင်း ၁၈၃ ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုပြခန်းပေါင်း ၂၅ ခန်းကို ခင်းကျင်းပြသသွားမည်ဖြစ်ရာ ဒေသထွက်ကုန်အရောင်းပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ဒုံးအကအဖွဲ့ ၂၀ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့်လည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲအား အထူးစိန်ခေါ်ပွဲများ၊ မျိုးဆက်သစ်ကြားပွဲများဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ တေးဂီတဖျော်ဖြေပွဲများလည်းပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)