(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံတက္ကသိုလ် မုခ်ဦးအသစ်အားဖွင့်လှစ်

ဘားအံ အောက်တိုဘာ ၂၆

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ် မုခ်ဦးအသစ်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အဆိုပါတက္ကသိုလ်မုခ်ဦးအသစ်တည်နေရာ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ရူပဗေဒဌာနမှူး ပါမောက္ခဒေါက်တာအေးငွေနှင့် မုခ်ဦးအသစ်ကို တာဝန်ယူတည်ဆောက်သည့် EXCELLENT UNITY CO.LTD Director ဦးထင်လင်းတို့က အဆိုပါမုခ်ဦးအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်မုခ်ဦးအသစ် ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်ကရင်ပြည်နယ်အတွက် အားထားရသည့် ပညာရည်ထူးချွန်သောလူရည်ချွန်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးကြစေလိုပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဘားအံတက္ကသိုလ်ကြီးတွင် ပညာသင်ကြားခွင့်ရ သည်ကို ဂုဏ်ယူဝမ်းမြောက်၍ အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မုခ်ဦးအသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ပါမောက္ခ၊ ကထိက၊ ဌာနမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဘားအံတက္ကသိုလ်မုခ်ဦးအသစ်သည် အလျား ၁၀၅ ပေ၊ အမြင့်ဆုံးတိုင်လုံးများ၏အမြင့်မှာ ၁၆ ပေရှိပြီး ကရင်ပြည်နယ်၏ အထိမ်းအမှတ်သင်္ကေတ ဖားစည်ကြီးကို မုခ်ဦးအလယ်တည့်တည့် မော်ကွန်းတိုင်တွင် ကျက်သရေရှိစွာ ထည့်သွင်းတည်ဆောက်ထားပြီး အတွင်းဘက်၌ ဘားအံတက္ကသိုလ်တွင်သင်ကြားနေသော ဘာသာရပ်(၁၄)ခု၏ တံဆိပ်များနှင့် ဆောင်ပုဒ်များဖြင့် တန်ဆာဆင်ထားသော နှစ်ဖက်လှမုခ်ဦးပုံစံ ဖြစ်သည်။

အဆိုပါမုခ်ဦးအသစ်ကို နိုင်ငံတော်မှ အထွေထွေပိုလျှံရန်ပုံငွေ(၃၅ ဒဿမ ၃၈)ကျပ်သန်း အကုန်အကျခံ၍ Excellent Unity ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း