ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၇၄,၆၁၈) စုအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရွှေဘို  စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း အခြေခံလူတန်းများကို ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၇၄,၆၁၈) စုအတွက် ထောက်ပံ့ငွေ သိန်းပေါင်းတစ်သောင်း လေးထောင်ကျော်ကို လက်ဝယ်အရောက် ထောက်ပံ့လျက်ရှိကြောင်း ရွှေဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်မှ အခြေခံလူတန်းစားများကို ပထမအကြိမ်က အခြေခံစားသောက်ကုန် ၅ မျိုးကို ရွှေဘိုမြို့နယ် အတွင်းရှိ အိမ်ထောင်စုပေါင်း (၃၂,၅၂၂) စုကိုလည်းကောင်း ဒုတိယအကြိမ်က ငွေကျပ် တစ်သောင်းငါးထောင်တိတိကို အိမ်ထောင်စုပေါင်း (၃၂,၅၈၇) စုကို လည်းကောင်းတတိယအကြိမ်နှင့် စတုတ္ထအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းတိတိကို အိမ်ထောင်စုပေါင်း (၆၅,၁၀၉) စု အတွက် သိန်းပေါင်း (၁,၃၀၂,၁၈၀,၀၀၀) ကျပ် ကိုလည်ကောင်း၊ ယခုအခါ ပဉ္စမကြိမ်မြောက်အဖြစ် အိမ်ထောင်စုပေါင်း (၇၄,၆၁၈) စုအတွက် ထောက်ပံ့ငွေ သိန်းပေါင်း (၁,၄၉၂,၃၆၀,၀၀၀)ကိုလည်းကောင်း အခြေခံလူတန်းစား အိမ်ထောင်စုများထံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိသည်။

ယခုလို နိုင်ငံတော်မှ ကိုဗစ်ကာလ စီးပွားရေးကျပ်တည်းချိန်မှာ ထောက်ပံ့ငွေမျာကို လက်ဝယ်အရောက် ထောက်ပံ့ပေးတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် အထောက် အကူပြုစေကြောင်း ထောက်ပံ့ငွေ လာရောက် ထုတ်ယူသော အမှတ်(၃)ရပ်ကွက်နေ ဒေါ်မြင့်ခင် မှပြောကြားသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)