ပန်းတနော် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် ပန်းတနော်မြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတက်ရောက် လာကြသည့် ဆရာ၊ ဆရာမများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်မီငြိမ်းသတ်နိုင် ရေးတို့အတွက် အသိပညာပေးဟောခြင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပုံအဆင့်ဆင့် ကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)