ရွှေသာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ချောင်းသာ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ချောင်းသာနယ် မြေမီးသတ်စခန်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရွှေသောင်ယံ မြို့စည်ပင် သာယာရေးအဖွဲ့ပိုင် (ချောင်းသာမြို့)ရှိ ရွှေသာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မီးသတ်တပ်ဖွဲ့ဝင်များ၊  စည်ပင်သာယာဝန်ထမ်းများက    ပွင့်လင်းရာသီသို့ ရောက်ရှိ လာပြီဖြစ် ၍ စျေးသူစျေးသားများ စျေးကော်မတီများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် လျှပ်စစ်မီးအသုံးပြု ပစ္စည်းများအား စနစ်တကျအသုံးပြုရန်၊ ဟောင်နွမ်းဆွေးမြေ့သည့် လျှပ်စစ်အသုံးပြု ပစ္စည်းများအား အသစ်လှဲလှယ်တပ်ဆင် အသုံးပြုကြရန်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကာကွယ်ရေးသုံး ပစ္စည်းများကို စနစ်တကျထားရှိသုံးစွဲကြရန် အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုပုံများကို လက်တွေ့ သရုပ်ပြသသည်။

ထို့နောက် ရွှေသာယာမြို့စျေးကြီးရှေ့တွင် နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးကြုံ လာပါက အပျက်အစီး အဆုံးအရှုံးမရှိစေရေးအတွက် မီးငြှိမ်းသတ်ပုံအဆင့်ဆင့်ကို ကြိုတင်ဇာတ်တိုက် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ ကံကြီးတပ်စခန်းမှူး ဗိုလ်ကြီး တင်မောင်ဝင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် ဌာနဆိုင်ရာများ၊ စျေးကော်မတီအဖွဲ့များ၊ စျေးသူစျေးသားများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)