ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေက ဆရာ/ဆရာမများအနေဖြင့် ပညာရေး၊ ဘဏ္ဍာရေးနှင့် အခြားသောကဏ္ဍများတွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအတွက်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးက မီးဘေးလုံခြုံရေး၊ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး အလေးထား ဆောင်ရွက်ရန်နှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြား၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ယာယီအတွင်းရေးမှူး ဒုတိယရဲမှူးသီဟကျော်က လူပုဂ္ဂိုလ်လုံခြုံရေး၊ သတင်းနှင့်စာရွက်စာတမ်းလုံခြုံရေး၊ အရေးကြီးအဆောက်အဦနှင့် ပစ္စည်းလုံခြုံရေးစသည့် လုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ လိုက်နာကြရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာ/ဆရာမများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောနေပိုင်က လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်မီးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြောကြ၍ မီးသတ်ဆေးဘူး သုံးစွဲနည်းများကို ရှင်းလင်းပြောကြားကာ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)