လေးမျက်နှာ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပညာရေးမှူးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက သင်တန်းတက်ရောက်မည့် ကျောင်းအုပ်ကြီးများအား လူရည်ချွှန်ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အုပ်ချူပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ငွေမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် လေးမျက်နှာမြို့နယ် ပညာရေးမှူးဒေါ်ငွေဋ္ဌေးနှင့် သင်တန်းဆရာဆရာမများမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ အထက်တန်းကျောင်းအုပ်(၈)ဦး၊ အလယ်တန်းကျောင်းအုပ်(၂၀)ဦး၊ မူလတန်းကျောင်းအုပ်(၁၄၈)ဦး စုစုပေါင်း ၁၇၆ ဦးတို့အား ပညာ၊ စီမံ၊ ဘဏ္ဍာရေး၊ စီမံကိန်းကြီးကြပ်အကဲဖြတ်လုပ်ငန်း ဘာသာရပ်များကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတပညာရေးမှူး ဦးတိုးဝင်း၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ငွေဋ္ဌေးနှင့် ဆရာဆရာမများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)