ကသာမြို့ရှိ သီရိခေမာဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကသာ   စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီ တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကသာမြို့ရှိ သီရိခေမာဈေးအတွင်းမှ ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းကို ဈေးအတွင်းရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ သတိပြု လိုက်နာဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက ဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအား Mask အခု(၅၀၀)နှင့် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀၀) တို့ကို ပေးဝေခြင်းနှင့် ကသာမြို့မှ ဝေမွန်ထွန်းနှင့် အကအဖွဲ့(၇)ဦးတို့မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးသီချင်းများဖြင့် ကပြ အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ လက်ဆေးရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဈေးများ ရောင်းချ ဝယ်ယူကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)