ကျိုက်လတ် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း များဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုသင်တန်းနှင့် အခြေခံအပ်ချုပ် သင်တန်းများ ဖွင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားရာ တွင် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို တက်ရောက်သည့်အတွက် မိမိ၏မိသားစုနှင့် မိမိဒေသအကျိုးအတွက် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခု သင်တန်းများကို ပူးပေါင်းဖွင့်လှစ်ပေးသည့် PTTEP International Limited ( Yangon Branch) and Andaman Transportation Limited နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)တို့ကို ကျေးဇူးတင် ကြောင်းနှင့် သင်တန်းသားများကလည်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများကို ဂရုတစိုက်ကြိုးစား သင်ကြားကြစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း နှင့် PTTEP International Limited (Yangon Branch) and Andaman Transportation Limited မှ မစ္စတာ အာရာရာချန်တင်က သင်တန်းဖွင့်ရန် ပူးပေါင်းဆောင်ရွက်ရခြင်း အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းနှင့် မစ္စတာ အာရာရာချန်တင်တို့က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ခဲ့ကြသည်။ အဆိုပါ သင်တန်း များအနက် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု သင်တန်းအတွက် သင်တန်းတစ်ခုစီကို သင်တန်းသား (၁၅)ဦးစီ တက်ရောက်ကြမည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုမှာ (၂၈-၁၀-၂၀၂၂)ရက်နေ့မှ (၂၁-၁၁-၂၀၂၂)ရက်နေ့အထိ ဖြစ်ကြောင်းနှင့် အခြေခံ အပ်ချုပ်သင်တန်းကို ဒီဇင်ဘာလတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းတို့ကို အစိုးရစက်မှုလက်မှု သိပ္ပံ(ကျိုက်လတ်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရီရီမြင့်