ငပုတောမြို့၌ တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ငပုတော အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီမှ တောင်သူများထံသို့ နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်  ​ကော်မတီအဖွဲ့ဝင်များ၊   နေကြာစိုက်ပျိုးရန် တာဝန်ပေးအပ်ထားသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြ သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက နေကြာ အမှန်တကယ် စိုက်ပျိုးမည့် တောင်သူများစာရင်း လိုအပ်ကြောင်း၊ စီမံကိန်းလျာထားချက်များနှင့် အညီ စိုက်ပျိုးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ နေကြာစီမံကိန်း အောင်မြင်ပြီး ကုန်ကျစရိတ်သက်သာစွာ စိုက်ပျိုးနိုင် မည်ဆိုပါက နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်းပြီး တောင်သူများအတွက်လည်း များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေး နည်းစနစ်မှန်ကန်စွာ စနစ်တကျစိုက်ပျိုးရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီအတွင်းရေးမှုး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ  ဦးထွန်းမျိုးသန့်မှ နေကြာစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေကြာ စိုက်ပျိုးရန် တာဝန်ပေးအပ်ထားသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)