ဘိုကလေး အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသတစ်ခု ဖြစ်သည့် အလျောက် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းများအဖြစ် ဆောင်ရွက်ကြပြီး စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းအပြင် ဉယျာဉ်ခြံမြေများတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလေ့ရှိရာ ယခုရာသီ၌ မုန်လာစိုက်တောင်သူများ အပိုဝင်ငွေများ ရရှိပြီး ဈေးကွက်အတွင်းသို့ လွယ်ကူစွာဖြင့် တင်သွင်းရောင်းချနေရကြောင်း သိရသည်။
ဘိုကလေးမြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများမှ မုန်လာစိုက်တောင်သူများသည် တော်သလင်းလမှ နတ်တော်လအထိ ရွက်စားမုန်လာနှင့် မုန်လာဥဖြူတို့အား ရာသီစိုက်ပျိုးသီးနှံအဖြစ် အနည်းဆုံး (၂၀ ပေ × ၄၀ ပေ) စိုက်ခင်းများတွင် စိုက်ပျိုးကြပြီး မုန်လာတန်း တစ်တန်းနှင့် တစ်တန်းအားကြား(၆)လက်မ၊ တစ်ပင်နှင့် တစ်ပင်ကြား (၄)လက်မခြား၍ စိုက်ပျိုးလေ့ရှိကြသည်။
မုန်လာစိုက်ပျိုးရန် မျိုးစေ့အား ကြဲပက်ရပြီး မုန်လာဥကြီးထားရန် မြေပွ၍နက်ရန်လိုအပ်ကြောင်း၊ မုန်လာစိုက်ရန် စိုက်ပျိုးမြေမှာ အမြဲစိုစွတ်ရန် လိုအပ်ကြောင်း၊ မကြာခဏပေါင်းသင် မြေဆွပေးရန် လိုအပ်ကြောင်း ဘိုကလေးမြို့နယ်အနီးရှိ မုန်လာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဘိုကလေးမြို့နယ်မှ မုန်လာစိုက်တောင်သူများသည် မုန်လာမျိုးစေ့ ကျဲပက်ချိန်မှစ၍ ရက်ပေါင်း(၅၀)မှ (၉၀)ရက်အတွင်း ခူးဆွတ်၍နီးစပ်ရာ ဈေးကွက်များမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအထိ တင်ပို့ရောင်းချ၍ အပိုဝင်ငွေများ ရရှိနေသည့်အပြင် ၎င်းတို့ရပ်ရွာ ဒေသများအတွင်း၌လည်း ဟင်းသီးဟင်းရွက် စားသုံးမှုအတွက် ရိက္ခာဖူလုံမှုရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)