မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ခံကျင်းပသည့် အခြေခံပညာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ လပွတ္တာခရိုင်ပညာရေးမှူး ကိုယ်စား၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းတို့က အမှာစကားများ အသီးသီးပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၃၈၂)ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း (ဘက) (၃၇)ကျောင်း စုစုပေါင်းကျောင်း (၄၁၉)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၄၁၉) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကာ သင်တန်း နည်းပြများအဖြစ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဆရာကြီး ဦးဌေးဝင်း၊ လပွတ္တာမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းဆီ၊ မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်စန်းတို့က စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)