ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အိမ်တွင်းမှုအဆင့်မြင့် စက်ချုပ်သင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဒေသအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေပေးရမှာဖြစ်ကြောင်း၊ လူစွမ်းအား အရင်းအမြစ်များဖွံ့ဖြိုး တိုးတက်ရန်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအသီးသီးမှ သင်တန်းဆင်း သင်တန်းသူ (၁၃၆၅)ဦးရှိရာ အလုပ်အကိုင်ရရှိသူ (၆၉၄)ဦးရှိသည့်အတွက် (၅၀.၈၄%) ရှိကြောင်း၊ သင်တန်းတွင် အခြေခံမှစ၍ စနစ်တကျကျွမ်းကျင်တတ်မြောက်စေရန် အချိန်ယူပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်း သည်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအတွက် ဝင်ငွေရရှိစေမှာဖြစ်ကြောင်း၊ သင်တန်းကျောင်း အနေဖြင့် သင်တန်းသူများ နေထိုင်စားသောက်ရေးမှစ၍ ပြည့်ပြည့်စုံစုံ ထောက်ပံ့ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် လုပ်ငန်းကျမ်းကျင်မှုရှိစေရန် ကြိုးကြိုးစားစား သင်ယူကြရန် လိုကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်များကိုလည်း ဆန်းသစ်နေအောင်ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကာလအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ စနစ်တကျပြုမူနေထိုင်သွားရန် လိုကြောင်း ”ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်ခင်အိမွန်မှ လက်ခံ ရယူခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အခမ်း အနားတွင် ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သို့ သင်တန်းသူ (၃၅)ဦး တက်ရောက်လျက် ရှိကာ သင်တန်းကာလမှာရက်သတ္တ(၂၁)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပေါက်ကုန်းကျေးရွာ အုပ်စုရှိ MSMEs လုပ်ငန်းဖြစ်သည့် ရွှေပျား ပဲငံပြာရည်နှင့် ငရုတ်ဆီစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူ များမှ စက်ရုံမှ ထုတ်လုပ်လျက်ရှိသော ငရုတ်ဆီ၊ ခရုဆီ၊ ရှာလကာရည်၊ ပဲငံပြာရည် (အကြည်/အနောက်) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင် ထားရှိမှု၊ အသုံးချမှုတို့အား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြု ထုတ်လုပ်နိုင်သဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် မျှတစေပါကြောင်း၊ ထုပ်ပိုးမှု စနစ် ပိုမိုကောင်းမွန်ပြီးဈေးကွက် ပိုမိုရရှိစေရန် အလေးထား ဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါစက်ရုံ၌ ဝန်ထမ်းနှင့် လုပ်သား စုစုပေါင်း ၅၀ ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းရရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)