ကလေး အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့သည်။
ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲများ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြရန်နှင့် အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်များ ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၂၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign အား ကလေးခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)