အုတ်ဖို အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကခွဲ လွှစင်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.ကခွဲ လွှစင်ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှုဆိုင်ရာများကို ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများက ကျောင်းသားကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်သူ