သာယာဝတီ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် “စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ နေကြာမျိုးစေ့နှင့်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက သာယာဝတီမြို့နယ်၊ အင်းရွာကျေးရွာရှိ တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့နှင့်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ နေကြာမျိုးစေ့နှင့်မြေသြဇာထောက်ပံ့ပေးအပ်ပွဲတွင် သာယာဝတီမြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)