ဝေါမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့်တောင်သူများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်

ဝေါ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့်တောင်သူများအား ချေးငွေထုတ်ချေးရန် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လေးအိမ်စုကျေးရွာနှင့် ဂွေ့ကြီးကျေးရွာတို့တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်မိုးလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာစိုက်ပျိုးနည်းစနစ်များကို ပညာပေးဟောပြောပေးသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းအိက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လေးအိမ်စုကျေးရွာအတွက် သိန်း(၂၀၀)ကျပ်နှင့် ဂွေ့ကြီးကျေးရွာအတွက် သိန်း(၁၀၀)ကျပ်တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့ ရန်ပုံငွေများ အသီးသီးလွှဲပြောင်းပေးအပ်သည်။ ဝေါမြို့နယ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့်တောင်သူများကို ချေးငွေထုတ်ချေးရာတွင် ကျေးရွာအုပ်စု(၈)အုပ်စုရှိ တောင်သူများအား ရန်ပုံငွေသိန်း(၉၀၀)ကျပ်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)