သံတောင်ကြီး အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ် စိုက်ပျိုးကြသည်။
အဆိုပါ ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိသည်။ တောင်ယာငရုတ်သီးများသည် ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် လှိုင်လှိုင်ထွက်ရှိ၍ အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိပြီး တောင်ယာငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀) အထိ ရရှိကြောင်းသိရသည်။ တောင်ယာငရုတ်သီးများကို မြို့ပေါ်တွင်သာရောင်းချကြပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
စောမင်းသား