ကသာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝ တို့က ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၂၂၅) စုတို့အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်နှုန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်ပေါင်း (၂၆၄၅) သိန်းတို့ကို အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းထောက်ပံ့ငွေများကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ၏ အိမ်သို့အရောက် ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရှိရသည်။
ရဲအောင်(ပြန်/ဆက်)