ကျိုက်လတ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့ နေ့လယ်(၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ တက်ရောက်ခဲ့ကြ သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူဝင်းက မြို့မဈေးနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးငြှိမ်းသတ်ရန် မီးသတ်ဆေးဘူး၊ ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှု များကို ဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်သက်ထားရွှေစင်က ဈေးမီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွား နိုင်သည့် အခြေခံအချက်များကို ဟောပြောခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက မီးသတ်ဆေးဘူးအား လက်တွေ့ကိုင်တွယ် အသုံးပြု၍ မီးငြှိမ်းသတ်မှုနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးဘေးအန္တရာယ် ကြိုတင်ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အသိပညာပေး ဆောင်ရွက်ခြင်း၊ ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ရပ်ကွက်၊ ကျေးရွာ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရီရီမြင့်