ပခုက္ကူ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့် အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုများ လျှော့ချနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှုပညာရပ်များ တက်ရောက်သင်ယူစေခြင်းဖြင့် မိမိ နိုင်ငံနှင့်မိမိဒေသတို့တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် နိုင်ရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး သင်ကြားပို့ချပေးသည့် ဘာသာရပ်တိုင်းကို ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ယခင်သင်တန်းသူများကိုယ်တိုင် တီထွင်ဖန်တီးချုပ်လုပ်ထားသည့် အဝတ်အစားများနှင့် လူသုံးကုန်ပစ္စည်းများနှင့် လက်ရှိအမှတ်စဉ် (၅) သင်တန်းသူများအား ထောက်ပံ့ပေးအပ်မည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့အထိ သင်တန်းကာလ (၅) လကြာ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိမြို့နယ်များမှ သင်တန်းသူ (၃၅) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)