ဘိုကလေး အောက်တိုဘာ ၂၅
ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်တွင် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ် တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာ စေတီတော်မြတ်ကြီး သည် ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ် ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ယခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက်(၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းထည့်ဝင် လှူဒါန်းမှုမှာမှာယခုအချိန်တွင် ကျပ်သိန်းပေါင်း (၁၀၀၀)ကျော် ရရှိခဲ့ပြီဖြစ် သည်။
စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် သူတော်စဉ်များ၏ ကုသိုလ်တော် ပြုလှူဒါန်းမှုများကို စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ထားသည့် ရန်ပြေမာန်ပြေအောင် စကြာ စေတီတော်ဝန်းအတွင်းတွင် ဇွန်(၂၃)ရက်နေ့၌ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအား ကျင်းပခဲ့ပြီး အလှူတော်ငွေ(၅၀၅)သိန်း ရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲအဖြစ် ဩဂုတ်(၂၁)ရက်နေ့၌ ကျင်းပရာ လှူဒါန်းငွေကျပ်သိန်းပေါင်း (၂၁၄)သိန်းကျော် ရရှိခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် အလှူငွေ ပေးအပ်ပွဲအား အောက်တိုဘာ(၂၃)ရက်နေ့က ကျင်းပရာ အလှူတော်ငွေ ကျပ်သိန်း (၂၈၁)သိန်းကျော် ရရှိခဲ့ပြီး ယခုအချိန်တွင် စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း (၁၀၀၀) ကျော် ရရှိခဲ့ပြီဖြစ်သည်။
တာဝတိံသာစေတီတော်ကြီး ပြန်လည်တည်ထားရန်အတွက် လိုအပ်သည့် ကုန်ကျမှုမှာ သိန်းပေါင်း(၅၀၀၀)ခန့်ရှိ ကြောင်း တည်ဆောက်ရေးကော်မတီထံမှ သိရပြီး စေတီတော်ပြန်လည် တည်ထားကိုးကွယ်နိုင်ရေးအတွက် စေတီတော်ဟောင်းအားဖြိုချ ဖျက်သိမ်းခြင်းလုပ်ငန်းကို မကြာခင်၌ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)