ဘားအံခရိုင် Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများပြုလုပ်

ဘားအံ အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်လောစေရန် ကာယ၊ ဉာဏပြိုင်ပွဲများကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ပြိုင်ပွဲစည်းမျဉ်းစည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဘားအံမြို့၊ အ-မ-က(မူလွန်)၄ မှ ကျောင်းသား/သူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)