မြဝတီ အောက်တိုဘာ၂၅
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ၂၄ရက်နေ့တွင် ၇၀ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများ ကနွေးထွေးစွာ ကြိုဆိုအားပေးကြပြီး သက် ဆိုင်ရာ ဌာနအလိုက်တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာကာကွယ်ရေး အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက် လာသူများ၏ အချက်အလက်များ စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက် ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်ဆောင်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၄၇ ဦးအမျိုးသမီး ၂၃ ဦးစုစုပေါင်း ၇၀ ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)