ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ ၂၀၁၉ ခုနှစ်၊ မတ်လမှ စတင်ပြဋ္ဌာန်းသည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲစားသုံးသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့် အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

ယင်းနောက် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းက ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတက်ရောက်သည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စားသုံးသူရေးရာအကြောင်းနှင့်ပတ် သက်၍သိရှိလိုသည်များအား အသီးသီးမေးမြန်းကြရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)