ဘားအံ အောက်တိုဘာ ၂၅
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့ အမှတ် (၁) ရပ်ကွက်၊ ကျော်ဇေယျလမ်းရှိ အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သုံးထပ်တိုးချဲ့လူနာဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအဆောက်အဦ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် (၃) ထပ်တိုးချဲ့လူနာဆောင်သစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ (၃) ထပ်တိုးချဲ့လူနာဆောင်သစ်တွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းအားပေးစကားပြောကြား၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) တိုးချဲ့လူနာဆောင်သစ်ကို ခွင့်ပြုရန်ပုံငွေကျပ် (၈၁၁ ဒသမ ၁၂) သန်းဖြင့် အလျား ၁၂၀ ပေ၊ အနံ ၅၆ ပေ ရှိ RC ၃ ထပ် အဆောက်အဦအမျိုးအစားကို အဆောက်အဦအထူးအဖွဲ့ ၁၃ မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး လူနာ(၇၂)ကုတင်ဆံ့၍ တာဝန်ခံဆရာဝန်ခန်း(၃)ခန်း၊ သူနာပြုခန်း(၃)ခန်း၊ အသေးစား ဆေးကုခန်း(၆)ခန်း၊ မသန်စွမ်း လူနာသန့်စင်ခန်း (၆) ခန်း၊ အများသုံးသန့်စင်ခန်း(၂၁)ခန်း၊ အများသုံးရေချိုးခန်း(၆)ခန်းနှင့် (၂၁) ဦးစီး ဓာတ်လှေကားတစ်စင်းတို့ ပါဝင်ကြောင်း သိရသည်။
ယင်းနောက် (၃) ထပ်တိုးချဲ့လူနာဆောင်သစ်အပေါ်ဆုံးထပ်တွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ (၃) ထပ်တိုးချဲ့လူနာဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာ ကိစ္စရပ်များကို ယခင်ကထက်ပိုမိုပြီး ဝန်ဆောင်မှုပေး ကုသနိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာကြံ့ခိုင်မှု ပြည်ဝမှသာ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် လိုအပ်သောကူညီပံ့ပိုးမှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃) လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်သူက (၃)ထပ်တိုးချဲ့လူနာဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင် ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)