အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းများဖွင့်လှစ်

ဘားအံ အောက်တိုဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်-၅ နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်-၁၉ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ရန်ရောက်ရှိလာကြသည့် သင်တန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်နှင့် မွန်မြတ်သောစေတနာကို နားလည်သဘောပေါက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကို မြတ်နိုးတန်ဖိုးထားကာ ရရှိသည့်အခွင့်အရေးကိုအသုံးချ၍ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင့်မားဆုံးဘဝကိုရောက်ရှိအောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ အစရှိသော အခြေခံစားကုန်များကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ထောက်ပံ့ပစ္စည်းများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်တန်းသူ (၄၅)ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းတွင် သင်တန်းသူ(၅)ဦး စုစုပေါင်းသင်တန်းသူ(၅၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် အစိုးရအဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများပြောကြား၍ စက်ချုပ်သင်တန်းခန်းမနှင့် ဂျပ်ခုတ်သင်တန်းခန်းမတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)