ကျုံပျော် အောက်တိုဘာ ၂၅
တောင်သူများ၏ အကျိုးစီးပွားပိုမို ဖြစ်ထွန်းရန်နှင့် ပြည်သူများအတွက် ကျန်းမာရေးကောင်းမွန်သည့် စားသုံးဆီ ဖူလုံစွာ ရရှိစေရန်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူ ပညာပေး ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျုံပျော်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက နိုင်ငံတော်က နေကြာစားသုံးဆီ ဖူလုံရေးဆောင်ရွက်နေမှုနှင့် တောင်သူများက စိုက်ပျိုးနည်း စနစ်တကျ အောင်မြင်ရေး ကြိုးပမ်းသွားရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးက နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ အပင်သဘာဝ၊ မြေပြုပြင်ခြင်း၊ ရာသီချိန်မှန် စိုက်ပျိုးခြင်း၊ မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့ထည့်သွင်းခြင်း၊ မြေဩဇာ အချိန်မှန် အချိုးကျ ထည့်သွင်းခြင်း၊ စိုက်ခင်းပြုစုခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း နည်းပညာများနှင့် အကျိုးတူ လယ်ယာစနစ်ဆောင်ရွက်မှု၏ အကျိုးရလဒ်များအား တောင်သူများ သိရှိစေရန် ပရိုဂျက်တာဖြင့် အသေးစိတ် ပညာပေး ဆွေးနွေးကာ သိလိုသည့်မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ အသီးသီးသီး တက်ရောက်ကြပြီး၊ ကျုံပျော်မြို့နယ်တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၂)ခု၌ သီးသန့် (သီးထပ်) (၈၃၃၀) ဧကနှင့် သီးညှပ် (၂၇၇၆) ဧက လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
လပြည့်ဦး(ပြန်/ဆက်)