မြို့သစ်မြို့နယ်တွင် မဲရုံတည်နေရာလျာထားသတ်မှတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြို့သစ် အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့်ရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရုံတည်နေရာလျာထားသတ်မှတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိမှ မြို့သစ်မြို့နယ်အတွင်း မဲရုံများလျာထားသတ်မှတ်ခြင်း၊ မဲရုံများအတွက် လုံခြုံရေးကိစ္စများဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဝင်းထက်မှ  မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေးအတွက် ဆောင်ရွက်မှု၊ မဲရုံတည်နေရာများလျာထား သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်ညှိနှိုင်း၍ မြို့သစ်မြို့နယ်အတွင်း လျာထားမဲရုံ (၁၆၉)ရုံထားရှိမှု၊ မဲရုံတည်နေရာများနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၂)အုပ်စုမှအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)