ချောင်းဦး အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပြည်ပပို့ကုန် ပဲမျိုးစုံကို ၄၀၆၁၀ ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပဲမျိုးစုံစိုက်ပျိုးရာတွင် ကုလားပဲသီးနှံသည် အများဆုံးဖြစ်ပြီး ဧကသုံးသောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်၍ ယ္ခုလက်ရှိအချိန်တွင် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ကုလားပဲသီးနှံ အထွက်နှုန်း တိုတက်မြင့်မားရေး နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ်သက်သာပြီး အမြတ်အစွန်း ပိုမိုရရှိစေရန် တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်သည့် ရွက်ဖြန်းအားဆေး၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပဲမျိုးစုံ စိုက်ပျိုးချိန်တွင် ထရိုင်ဂိုဒါးမါး အကျိုးပြုမှိုများ ထည့်သွင်းသုံးစွဲစေရေး စည်းရုံးပညာပေးခြင်း လုပ်ငန်းများကို အကျိုးဆောင် တောင်သူများအား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။
ယခုအချိန်တွင် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ အချိန်မီ စိုက်ပျိုးနိုင်ရေး၊ ထယ်ရေး၊ ထွန်ရေး ပြင်ဆင်ဆောင်ရွက်နေပြီး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်မှာယူထားပြီးဖြစ်ကြောင်း မကျီးခွကျေးရွာ ကုလားပဲစိုက်ပျိုးမည့် တောင်သူတစ်ဦးထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)