တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အ‌ခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် ထောက်ပံ့ငွေများပေးအပ်

မြို့သစ် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် နိုင်ငံတော်မှပံ့ပိုးသော ထောက်ပံ့ငွေများကို ပေးအပ် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က လှည်းဆိပ်ကျေးရွာ၌လည်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်‌ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

လှည်းဆိပ်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ ပထမအကြိမ် ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင်  အခြေခံ စားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၆၇) စုကို လည်းကောင်း၊ ဒုတိယအကြိမ်‌ ထောက်ပံ့မှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့် အိမ်ထောင်စု (၁၆) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက် ပံ့ငွေကျပ် ၂၄၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ထောက်ပံ့ခဲ့သည့် အိမ်ထောင်စုအားလုံးကို တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် လှည်းဆိပ်ကျေးရွာနေ အိမ်ထောင်စု(၈၃)စုအတွက် စုစုပေါင်းငွေ တစ်ဆယ့်ခြောက်သိန်းခြောက်သောင်းကျပ်ကို နိုင်ငံတော်မှ တတိယအကြိမ် ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့ရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁)စုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ရပ်/ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများ အလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး‌အပ် နေကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)