မြိတ် အောက်တိုဘာ ၂၅
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)ကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြှင့်မားစေရေး ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး အပ်ချုပ်ပညာ၊ လက်မှုပညာ၊ ခေတ်မီမော်တာ စက်ချုပ်နည်းအပါအဝင် စက်ချုပ်ပညာကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
သင်တန်းဖွင့်ပွဲ၌ တနင်္သာရီတိုင်ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ်ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ သင်တန်းကို တနင်္သာရီမြို့နယ်မှ(၄)ဦး၊ ကျွန်းစုမြို့နယ်မှ(၃)ဦးနှင့် မြိတ်မြို့နယ်မှ(၂၃)ဦး စုစုပေါင်း သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလ(၂၂)ပတ်ကာလအတွင်း အခြေခံနှင့် အဆင့်မြင့်သင်ခန်းစာ များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်ကြားပေးသည့်အပြင် အိမ်တွင်းလက်မှုလုပ်ငန်းများ၊ ဟင်းလျာချက်ပြုတ်နည်းများနှင့် မုန့်လုပ်နည်းသင်ခန်းစာများကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး အသိညာပေးဟောပြောပွဲများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသူများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်နှင့် ကော်ပိတ်ကပ်စက်တို့များဖြင့် သင်ခန်းစာများသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးကို သင်တန်းကျောင်းမှပိတ်စ(၂၉)ကိုက်၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများကိုထောက်ပံ့ပေး၍ စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန်ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးကြောင်း၊ သင်တန်းထူးချွန်သူကိုလည်း အပ်ချုပ်စက်တစ်စုံ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)