ကလိန်အောင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကလိန်အောင် အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြီး သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ရာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သောနေရာများ၊ ကလေးအလုပ်သမားများ များပြားလာရသည့်အကြောင်းရင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေများ၊ မြို့အထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ကလိန်အောင်မြို့အတွင်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)