ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဝင်အထွက်နေရာများတွင် နေ့/ည မပြတ် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်၍ ကြပ်မတ်ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး မြို့အဝင် ၊ အထွက် နေရာများတွင် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားရှိပြီး အခြားတိုင်းဒေသကြီး၊ မြို့နယ်များမှ ဝင်ရောက်လာသော ခရီးသွားပြည်သူများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့/ည မပြတ် အရှိန်အဟုန်မြှင့်တင် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်    ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။
မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပွင့်ဖြူမြို့အဝင် စစ်ဆေးရေးဂိတ်အား မြန်မာ့ဆက်သွယ်ရေးရုံးအနီးတွင် ဖွင့်လှစ်ထားရှိပြီး မြို့အထွက် စစ်ဆေးရေးဂိတ်အား မုန်းချောင်းတံတားအနီးတွင် ဖွင့်လှစ် ထားရှိကြောင်းနှင့် ၂၄ နာရီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ မြို့အဝင် ၊ အထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် ၊ သုံးဘီးဆိုင်ကယ် အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ခရီးသွားထောက်ခံချက် ၊ ကျန်းမာရေးထောက်ခံချက်ပါရှိမှု ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း ၊ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များ မပါရှိပါက လာသည့်နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာစေခြင်းတို့ကို စစ်ဆေးအသိပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ ပူးပေါင်းအဖွဲ့က မြို့အဝင် ၊ အထွက် စစ်ဆေးရေး ဂိတ်များတွင် ၂၄ နာရီ နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ထံက သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )