လိပ်သို အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော လိပ်သိုမြို့သည် မိုးများသောဒေသဖြစ်၍ မိုးတွင်းကာလတွင် တောင်ကျရေများကျဆင်းလာပြီး ရေတိုက် စားမှုများကြောင့် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း (NH-21) ကရင်ပြည်နယ်အပိုင်းတွင် မြေပြိုမှုများ၊ သစ်ပင်ကြီးများ ပြိုလဲကျမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြစ်ပေါ်မှုများကြောင့် လိပ်သိုမြို့ရှိ လမ်းဦးစီးဌာနသည် သဘာ၀ဘေးဒဏ်ကြောင့်ဖြစ်ပေါ်လာရသော လမ်းပိတ်ဆို့မှုများကဲ့သို့ အရေးပေါ်လုပ်ငန်းများဆောင်ရွက်နေသည့်အပြင် ကရင်ပြည်နယ်အပိုင်းရှိ တောင်ငူ-လိပ်သို ပြည်ထောင်စုလမ်းမကြီး ရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် လိပ်သိုမြို့ လမ်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်ရအောင် လမ်းဘေးဝဲယာ ခြုံနွယ်ပေါင်းပင်များအား ရှင်းလင်းခြင်း၊ ချိုင့်ခွက်များအား ယာယီဖာထေးခြင်း၊ ပဲ့ကျနေသောလမ်းပခုံးများအား ယာယီမြေထိန်းနံရံများ ပြုလုပ်ထိန်းသိမ်းခြင်း၊ ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများတူးဖော်ခြင်း၊ လမ်းနယ်သိရှိရန်နှင့် အတားအဆီးသဘောမျိုး အတွက် (Guard Post) မှတ်တိုင်များစိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)