တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကော့သောင်း အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ (၁၄)မိုင်ကျေးရွာတွင် Good Water(Kawthaung) Co,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့အတွင်းသို့ သောက်သုံးရေထုတ်လုပ်ဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ကော့သောင်းမြို့အနေဖြင့် နွေရာသီတွင် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လေ့ရှိသဖြင့် မြို့နေပြည်သူများ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရေး စီမံကိန်းလုပ်ငန်းများအား အမြန်ဆုံးအကောင်အထည်ဖေါ်ဆောင်ရွက်ကြရန်၊ ရေလှောင်တမံမှပင်မရေပိုက်လိုင်း သွယ်တန်းမှုလုပ်ငန်းများအပါအဝင် မြို့တွင်းသို့သွယ်တန်းမည့် ရေပိုက်လိုင်းများ အမြန်ဆုံးသွယ်တန်းနိုင်ရေး အကောင်အထည်ဖော်စေလိုပါကြောင်း မှာကြားပြီး ၁၄ မိုင်အနီး ဘုတ်ပြင်း-ကော့သောင်းကားလမ်းဘေးတစ်လျှောက် ပင်မရေသန့်ပို့ပိုက်လိုင်းသွယ်တန်း တည်ဆောက်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်လာမည့် အခက်အခဲများအား တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့လေးမိုင်ရှိ သုခဘုံစံသာသနာပြုကျောင်းတိုက်တွင် အောင်ဆန်းဆရာတော်ကြီးနှင့် ကျောင်းထိုင်ဆရာတော်၊ ပတ္တမြားကျောင်းဆရာတော်တို့အား ဖူးမျှော်ကြည်ညိုကန်တော့ပြီး လှူဖွယ်ပစ္စည်းနှင့် အလှူငွေများဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်မည့် ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက်ဂိတ်မုခ်ဦးပါ အဆောက်အဦ တည်ဆောက်မည့်အခြေအနေအား ရှင်းလင်းဆောင်တွင် အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူကရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ မြန်မာ-ထိုင်းနယ်စပ်ဖြစ်ပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ထွက်လည်ပတ်ရာနေရာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဖြစ်သည့် အတွက် မုခ်ဦးအားမြန်မာမှုအနုပညာလက်ရာများဖြင့် ခန့်ငြားထည်ဝါစွာ ဒီဇိုင်းရေးဆွဲတည်ဆောက်စေလိုကြောင်း၊ ခရီးသွားဧည့်သည်များနားနေရန် နေရာများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရန်နေရာများပါ စဉ်းစားထည့်သွင်း တည်ဆောက်ကြရန် လမ်းညွှန်မှာကြားကာ မုခ်ဦးနှင့်အဆောက်အဦးတည်ဆောက်မည့်နေရာနှင့် ဆိပ်ခံတံတားအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကော့သောင်းခရိုင်(ပြန်/ဆက်)