ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ၊  လက်ကမ်းစာစောင်များ လွိုင်ကော်မြို့၌ အခမဲ့ဖြန့်ဝေ

လွိုင်ကော်     အောက်တိုဘာ  ၂၅

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့ နာရီစင်ရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးမျိုးကျော်နှင့် ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ “ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်”အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်မှုများကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး လမ်းသွားလမ်းလာနှင့် ဈေးသွားဈေးလာ ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask) အခု(၃၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုဇင်(လွိုင်ကော်)