မိုးညို အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ဆက်လက်ထိုးနှံပေးခြင်း ကို ယနေ့ နံနက် ၉ နာရီက ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စုစုပေါင်း(၃)ကြိမ် ထိုးနှံထားပြီး(၆)လ အထက်ရှိသူများ အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ကိုဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂) ကြိမ် ထိုးနှံထားပြီး (၆) လ အထက်ရှိသူများအား တတိယအကြိမ် (Booster Dose) ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)