ကျုံပျော်မြို့နယ် ရှမ်းစုကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျုံပျော် အောက်တိုဘာ ၂၅

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ သီရိရတနာမြို့ဦး ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာတွင်း ပြည်သူ့လုံခြုံရေးကိစ္စများ ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စရပ်များ၊ ကျောင်းသားသူများ ကျောင်းတက်မှန်ကန်ရေး၊ ရပ်ရွာသန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကိစ္စရပ်များအား ချပြရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဆောင်းသီးနှံ နေကြာသီးသန့်စိုက်ပျိုးရေးကိစ္စများအား ပညာပေးပြောကြားပြီး ကျေးရွာရှိ နေကြာ စိုက်ဧက(၃၆) ဧကအတွက် တောင်သူ(၆၆)ဦးထံသို့ နေကြာမျိုးစေ့ ၃၆ အိတ်  အားပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူများ၏ သိလိုသည့်မေးမြန်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ ကြသည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းတွင် အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေး စသည့် စစ်ကြောင်းများပါဝင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီ‌ပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)