လေးမျက်နှာမြို့ အောင်မင်္ဂလာစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများပြုလုပ်

လေးမျက်နှာ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၀၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြော ခြင်းများ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ နေအိမ်များတွင် မီးဖိုများအသုံးပြုပုံ၊ မိမိနေအိမ်များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်ရှောင်ရန်များ၊ လျှပ်စစ်ဓာတ်အားအသုံးပြုပုံ၊ ဓာတ်ဆီဖြည့်ခြင်း၊ ဖလှယ်ခြင်းများ ပြုလုပ်လျှင် ဆောင်ရန်ရှောင်ရန်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်း ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၁၃)ဦးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ပြသပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာသာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦး၊  မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျနှင့် ဝန်ထမ်းများနှင့် စျေးရောင်းစျေးဝယ်များ ကြည့်ရှု အားပေးခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)