ထားဝယ်မြို့တွင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များ ဘုရားကြီးဓမ္မာရုံတွင် အပူဇော်ခံထားရှိမည်

ထားဝယ် အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ရုပ်ပွားတော်များကို ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့l  နိုဝင်ဘာ (၅) ရက်နေ့မှ (၇)ရက်နေ့ အထိ(၃) ရက်တိုင်တိုင် ဘုရားကြီးဓမ္မာရုံတွင် အပူဇော်ခံထားရှိမည် ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများကို တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှစ၍ မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ/ကျေးရွာအချို့များက ဘုရားတစ်ဆူစီကို ကြိုတင်ပင့်ဆောင့်ခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများ၏ အဓိကကျသည့် နေရာများတွင် ကိန်းဝပ်စံပ္ပါယ်တော်မူရန် ယာယီမဏ္ဍပ်များ ဆောက်လုပ်ကာ ပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရကာ ဘုရားကြီးထဲသို့ တန်ဆောင်မုန်း လဆန်း (၁၂) ရက်နေ့ နိုဝင်ဘာ ၄ ရက်နေ့ညနေ(၄)နာရီအရောက် ပို့ဆောင်ပေးရမည် ဖြစ်သည်။

ထို့သို့ ဘုရားအပူဇော်ခံသည့်နေ့ရက်များတွင် မွန်းလွဲ(၂) နာရီ၌ ဘုရားကြီးဝင်းအတွင်းရှိ အောင်ဓာတ်တိုင် ဘုရားဓမ္မာရုံတွင် ဓမ္မပူဇာသဘင်ကျင်းပမည်ဖြစ်ပြီး ရဟန်း၊ ရှင်၊ လူများနှင့် ထားဝယ်သူ/သားများ ကြည်ညိုသဒ္ဓါ ပွားကုသိုလ်ပွားကုသိုလ်ယူနိုင်ကြောင်း သိရှိရသည်။

ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီး ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း(၁၁၁)နှစ်တိုင် ရှိခဲ့သော်လည်း ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား မြို့တွင်းသို လှည့်လည်ပူဇော်ခြင်း မပြုလုပ်ဘဲ ရပ်ကွက်/ကျေးရွာ ဓမ္မာရုံများတွင်သာ အပူဇော်ခံပြီး သတ်မှတ်ရက်တွင် ဘုရားကြီးဓမ္မာရုံသို့ ပင့်ဆောင် ပူဇော်ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ငွေဇင်ယော်(ထားဝယ်)