ဘိုကလေး စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင်(၁၀,၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကျပ် (၃၀,၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေ ၅ နာရီခန့်၌ မြို့နယ်အတွင်းရှိ ကျေးရွာနေ ဘိုးဘွားများ၏ လက်ဝယ်အရောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ တစ်ဆင့် တာဝန်ယူ၍ လိုက်လံထောက်ပံ့ ပေးခဲ့ကြသည်။
ဘိုကလေးမြို့နယ်ရှိ ကျေးရွာအုပ်စုများအားလုံးတွင် အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင် ပေးအပ်ရသည့် ဘိုးဘွားပေါင်း (၆၀၃)ဦး၊ မြို့ပေါ်ရပ်ကွက်တွင် ဘိုးဘွားပေါင်း(၁၉၆)ဦးဖြင့် စုစုပေါင်း (၇၉၉)ဦး ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွား(၁၉၆)ဦးကိုလည်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ မကြာခင် ဆက်လက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူး နော်ချယ်ရီရွှေ ထံမှသိရသည်။
မိုးစက်(ဘိုကလေး)