ဒေးဒရဲ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက် လာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ ညနေ (၂)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းတွင် ဆောင်ရွက်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက မြို့မစျေးနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေကန်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက စျေးမီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ထားရမည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အခြေခံအချက်များကို ဟောပြောခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက မီးသတ်ဆေးဘူးအား လက်တွေ့ ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်မှုနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေး ဆောင်ရွက်ခြင်း၊ ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်၊ ကျေးရွာ မီးဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အေဇာလင်း